ဝိုင်းမော်မြို့နယ်အတွင်း၊ ဝူယန်ကျေးရွာတွင်ရှိသည့် လီဆူပြည်သူ့စစ်အဖွဲ့၏ စစ်ဆေးရေးဂိတ်အား ကေအိုင်အေတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်၊ ဝူယန်ကျေးရွာနှင့် လွမ်ယန်ကျေးရွာအတွင်း တိုက်ပွဲများပြင်းထန်လာခဲ့ကြောင်း သိရသည်။
ယခုလိုတိုက်ပွဲများဖြစ်ပွားလာခဲ့ရာမှာ ကေအိုင်အေတပ်ဖွဲ့မှ ဝူယန်ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏နေအိမ် ၇ အိမ်နီးပါးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။
ပြည်သူ့စစ်အဖွဲ့ကလည်း ပြန်လည်လက်စားချေသည့်အနေဖြင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ နေအိမ်ဖြစ်ကြောင်း ယူဆရသည့်နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ အဆိုအရသိရသည်။
လက်ရှိအချိန်တွင် အဆိုပါဒေသအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားမှုမရှိဘဲ ငြိမ်သက်နေရင်လည်း၊ ကေအိုင်အေတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဝူယန်ကျေးရွာအတွင်း နေ့တိုင်းနီးပါး သွားလာလှုပ်ရှားနေကြကြောင်း အဆိုပါဒေသခံကပြောသည်။
“အခုအချိန်မှာတော့ နေ့ခင်းအချိန်မှာ ပြည်သူ့စစ်တွေ သွားလာလှုပ်ရှားနေပြီး၊ ညအချိန်မှာတော့ ကေအိုင်အေတပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေပါတယ်။ သူတို့အဖွဲ့တွေ တစ်ခါတစ်လေ ထိပ်တိုက်တွေ့ရင်တော့၊ ရင်ဆိုင်တိုက်ပွဲငယ်လေးတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်,” လို့ အဲသည့်ဒေသခံက ပြောပါတယ်။
ယခုလိုဖြစ်ပွာနေးသည့်အခြေအနေကြောင့် ဒေသခံများမှာ ညအချိန်တွင် နီးစပ်ရာတောထဲကို တိမ်းရှောင်ပုန်းခိုနေကြရပြီး၊ နေ့ခင်းအချိန်တွင် မိမိနေအိမ်တို့ ပြန်လာကြကာ၊ အိမ်မွေးတိရိစ္ဆာန် တွေကို အစာကျွေးပြီးနောက်၊ မိမိပုန်းခိုနေသည့်နေရာသို့ ပြန်သွားအိမ်ကြရကြောင်း ယင်းဒေသခံက ပြောပါသည်။