လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လက်လွှတ်လိုက်ရသော စစ်ရေးဗျူဟာအရ အရေးကြီးသည့် Gidon တပ်စခန်းအား ကေအိုင်အေနှင့်ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ မေလ ၆ ရက်နေ့တွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ကေအိုင်အေတပ်ဖွဲ့ဝင်များကပြောသည်။
“Gidon စခန်းကို ဒီကနေ့ ၆ ရက် နေ့လည်ပိုင်းလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်၊ တပ်စခန်းကို ရှင်းလင်းရေးတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်” လို့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ မေလ ၅ ရက်နေ့တွင် Gidon တပ်စခန်း ဘေးပတ်လည် အနီးအနားရှိ တပ်စခန်းတွေဖြစ်သည့် ကဂမ်း၊ စမား၊ အင်ခရမ်နှင့် ငါးဂရန် တပ်စခန်းများအပါ အဝင် Gidon တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ တပ်စခန်း ၄ ခု အားအဆိုပါနေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး၊ Gidon စခန်းကိုတော့ မေလ ၆ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အေစစ်သားများအဆိုအရသိရသည်။
ဘေးပတ်လည်အနီးအနားမှ တပ်စခန်းများကျသွားခဲ့ပြီးနောက်၊ Gidon တပ်စခန်းမှ စစ်သားများမှာ ဆက်လက်ပြီးခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ကြခြင်းဖြစ်ကြောင်း၊ ရှေ့တမ်းသတင်းရင်းမြစ်အဆိုအရသိရသည်။
Gidon တပ်စခန်းသည် ကေအိုင်အေဌာနချုပ်နှင့် တပ်ရင်း ၃ အား ဆက်သွယ်ပေးရာ လမ်းကြောင်းပေါ်တွင်ရှိပြီး စစ်ရေးအရဗျူဟာကျသည့်နေရာဖြစ်ကာ၊ လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အစိုးရစစ်တပ်လက်အောက်သို့ ကျသွားခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစစ်တပ်အား ကေအိုင်အေတပ်ဖွဲ့မှ လနှင့်ချီခုခံတိုက်ခိုက်ခဲ့ပြီးနောက် လက်လွှတ်ခဲ့ရခြင်း ဖြစ်ပါသည်။
ကေအိုင်အေနှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၂၄ မေလ ၅ ရက်နေ့တွင်လည်း ဆွမ်ပရာဘွမ်မြို့ အခြေစိုက် ခလရ ၄၆ အားတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်၊ ဆွမ်ပရာဘွမ်မြို့အား အလုံးစုံထိန်းချုပ် လိုက်ပြီဖြစ်ပါတယ်။