ကချင်ပြည်နယ် ဖားကန့်မြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ၊ ဆယ်ဇင်းကျေးရွာထဲကို ရှမ်းနီတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့မနက် ၄ နာရီကနေ ၈ နာရီလောက်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ဒေသခံတစ်ဦးက Ninghkawng သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ဒီမနက်ပိုင်းမှာ ရှမ်းနီတပ်ဖွဲ့တွေ၊ ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊ မနက် ၄ နာရီကနေ ၈ နာရီအထိ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်၊ အခုအချိန်အထိ တစ်ချက်တစ်ချက် ကြားနေရပါတယ်” ဟု အဲသည့်ဒေသခံက ပြောပါတယ်။
ရွာထဲကို လက်နက်ကြီးနဲ့ အနည်းဆုံး ၁၀ ကြိမ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရွာသူ၊ ရွာသားများ ကြိုတင်တိမ်းရှောင်ခဲ့ကြတာကြောင့်၊ ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူမရှိကြောင်း အဲသည့်ဒေသခံက ပြောပါတယ်။
“ရွာသူ၊ ရွာသားတွေက ကြိုတင်တိမ်းရှောင်သွားတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိပါဘူး” ဟု အဆိုပါဒေသခံက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် မိုင်ပေါင်း ၄၀ ခန့်အကွာမှာရှိတဲ့ ဆယ်ဇင်းကျေးရွာမှာ အခြေစိုက်တဲ့ စစ်အစိုးရကောင်စီရဲ့ စစ်တပ်ကို ကေအိုင်အေနဲ့ ကချင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့ကနေ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ပြီး၊ ဧပြီလ ၂၄ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။